စဉ်းစားရင်းပင် “အမေနှင့် မြောက်ပင်လယ်” ဟူသော ၀တ္ထုတစ်ပုဒ်ကို ရေးရန် ခေါင်းထဲ တွင် ပေါ်၍ လာပေသည်။ပီကင်းကို ရောက်ပြီးသည့်နောက် ၁၁ ရက်မြောက်နေ့တွင် ၀န်ကြီးချုပ်သည် ထမင်းစားပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့လေ သည်။ ထိုထမင်းစားပွဲတွင် ၀န်ကြီးချုပ်၏ မိန့်ခွန်းမှာ လွမ်းစရာ လည်း ကောင်း၏။ ပွင့်ပွင့်လင်လင်းလည်း ရှိသည်။ စိုးရိမ်စိတ် ကိုလည်း ဖေါ်ပြ၍နေပေသည်။ နိဂုံးချုပ်တွင်မူ ငြိမ်းချမ်းရေးတွင် သူ့စကားကို အဆုံးသတ်လေသည်။
““အဆွေတော်ဝန်ကြီးချုပ် ချောင် ခင်ဗျား....၊ သန်ဘက်ခါဆိုရင် ပီကင်းမြို့တော်ကြီးက ကျွန်တော်နဲ့ ကျွန်တော်ရဲ့အဖွဲ့ဝင် များ ထွက်ခွာရပါတော့မယ်။ အဲဒီ့အတွက် အရေးကြီးတဲ့စကား တစ်ခုကို ကျွန်တော် ပြောကြားလိုပါတယ်။
““အဆွေတို့နဲ့ ကျွန်တော် ရန်ကုန်မှာ ပထမဆုံးအကြိမ်တွေ့ စကတည်းကစပြီး ယနေ့အထိ အဆွေတော်နဲ့တွေ့တိုင်း တခြား စကားများအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးထဲမှာ ၀င်ရောက်စွက်ဖက်မှာကို တစ်ခါတုန်းက အလွန်စိုးရိမ်ခဲ့မိကြောင်း မကြာခဏ ပြောကြားခဲ့ပါတယ်။ ဒီလို
ပြောခဲ့ဖူးတာကို အဆွေတော်လဲ ကောင်းကောင်းမှတ်မိပါလိမ့် မယ်။ အမှန်အတိုင်းရိုးရိုးသားသားပြောရလျှင် ကျွန်တော်တို့ရဲ့ စိုးရိမ်မှုကိုသာ ပြောပြီး ဒီနေရာမှာပဲရပ်ထားရင် ကျွန်တော်တို့ တရားရာ ရောက်မည်မဟုတ်ပါ။ တစ်ဖက်စီးနင်းဖြစ်မှု၊ မတရားမှု များကို ကျွန်တော်အလွန် စက်ဆုပ်ပါတယ်။ အဲဒီတော့ ကျွန်တော့်
ကိုယ်ကို ခင်ဗျားနေရာမှာထားပြီး ကျွန်တော့်ကိုယ်ကို ကျွန်တော် မေးခွန်းတခု ပြန်မေးပါတယ်....””
““မိတ်ဆွေကြီးဦးနု.... ၊ ခင်ဗျားတို့ရဲ့ စိုးရိမ်ချက်တွေကိုတော့ ကျွန်တော် ကြားရပြီးပါပြီ။ ကျွန်တော်တို့ရဲ့ နိုင်ငံတွင်းမှာ ခင်ဗျား တို့က ၀င်ရောက်စွက်ဖက်မှာကိုကော ကျွန်တော်တို့ မစိုးရိမ်ရ ဘူးလား....””
““အဲဒီ မေးခွန်းကို ကျွန်တော့်ကိုယ်ကို ကျွန်တော်မေးပြီး ကျွန်တော်ပဲပြန်ဖြေပါ့မယ်။ ကျွန်တော်တို့နိုင်ငံ သက်သက်သာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်တွင်းရေးထဲမှာ ဘယ်နည်း
နဲ့မှ မစွက်ဖက်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်ကိုင်တုတ် (အမေရိကန်လို့ ရေးတယ်ထင်ပါတယ်၊ ကျွန်တော် အကူးမှားတယ်ထင်တယ် စာရှိသူများ ပြင်ပေးကြပါ)အလုပ်ခံလိုက်ရင်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးအတွင်းမှာ အများကြီးဝင်ရောက် စွက်ဖက်နိုင်တယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ လက်ကိုင်တုတ်အလုပ်ခံပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို တိုက်ခိုက်ဖို့ အတွက် လေတပ်၊ ရေတပ်၊ ကုန်းတပ် စခန်းတွေ ပေးမယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်မက်အတွက် သော့ချက်ဖြစ်မယ့်နေရာ တွေ အမြောက်အများရှိပါတယ်။ ဒီစခန်းတွေအပြင် တရုတ်ပြည်သူ့
သမ္မတနိုင်ငံတော်အတွင်းကို ရန်သူ၊ သူလျှိုတွေ၊ ရန်သူအဖျက် သမားတွေ စေလွှတ်ဖို့အခွင့်အရေး ကောင်းတွေကိုလဲ အများကြီးပေးနိုင်ပါသေးတယ်....””
ဝန်ကြီးချုပ်သည် သူ့စိုးရိမ်စိတ်ကို ဤစကားနှင့် စချီ၍ ဖဆပလ အစိုးရအဖွဲ့သည် မည်သူ၏ လက်ကိုင်တုတ်မှ မဖြစ်နိုင် သည့် အကြောင်း၊ လက်ကိုင်တုတ်ဆိုသည်မှာ ကိုယ်သဏ္ဍာန် မှာ လူ၏ကိုယ်သဏ္ဍာန်ဖြစ်၍ စိတ်ဓါတ်မှာ တိရစ္ဆာန်စိတ်ဓါတ် ဖြစ်ကြောင်း၊ လက်ကိုင်တုတ်သည် ပင်ကိုယ်ဉာဏ်မရှိ၍ သခင့် အသံကိုသာ ပြန်၍ဟစ်တတ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့သည် သူများ လက်ကိုင်တုတ် အဖြစ်မခံဘူးဆိုသည့် အကြောင်းကို ကတိပေးပြောဆိုလေသည်။
နိဂုံးချုပ်တွင်မူ ၀န်ကြီးချုပ်၏ မိန့်ခွန်းသည် ငြိမ်းချမ်းရေးသို့ သယ်ယူ၍သွားလေသည်။ သူသည် ကမ္ဘာငြိမ်းချမ်းရေးကို လိုလား
သည့်အကြောင်း၊ လောလောဆယ်ဆယ်အားဖြင့် အရှေ့တောင် အာရှတွင်တင်းမာမှုများ လျှော့ပါး၍ ပြဿနာရပ်များကို ငြိမ်း ချမ်းစွာ ဖြေရှင်းစေလိုကြောင်းနှင့် သူသည်ပေါက်ကွဲတော့မည့် ဆဲဆဲဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သစ် တို့၏ ယမ်းအိုးကြီးများကြားတွင် သူ၏ ငြိမ်းချမ်းရေးကြေးစည်သံ ကို တီးခတ်လိုက်လေသည်။ ဒီနိုင်ငံနှစ်နိုင်ငံစလုံးဟာ ဆိုးတဲ့ နိုင်ငံတွေ မဟုတ်ပါဘူး။ နိုင်ငံရေးစနစ်ကတော့ ကိုယ်ကြိုက်ရာ ကိုယ်ယုံကြည်ကြပေါ့၊ ကိုယ့်နိုင်ငံက လူအများစုက လက်ခံနိုင် တဲ့ နိုင်ငံရေးစနစ်ဟာ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးပေါ့။
““လူမျိုးအနေနဲ့ ပြောရရင် အမေရိကန်တွေဆိုရင်လည်း သူတို့တွေဟာ အလွန်သဒ္ဓါတရားရှိကြတယ်။ လက်မှုစက်မှုတွေ မှာ ဆိုရင်လည်း ဒီကမ္ဘာစစ်ကြီးကို အလွန်သာယာစည်ပင် ၀ပြောတဲ့ ကမ္ဘာကြီးဖြစ်အောင် လုပ်ပေးနိုင်တဲ့အထိ တိုးတက် နေကြတယ်....””
““တရုတ်အမျိုးသားတွေဆိုရင်လည်း အလွန်သဒ္ဓါတရားရှိ ကြတယ်။ အခြားကမ္ဘာသူ ကမ္ဘာသားတွေ အရိုင်းအစိုင်းဘ၀မှာ ရှိနေသေးတဲ့အခါမှာ သူတို့ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဟာ အင်မတန် မြင့်မားတဲ့အခြေအနေကို ရောက်ခဲ့တဲ့လူမျိုးတွေ ဖြစ်တယ်....””
““အဲဒါကြောင့်လည်း ဒီအမေရိကန်တွေနဲ့ တရုတ်တွေကို ကျွန်တော်တို့က အများကြီးလည်းချစ်တယ်၊ အများကြီးလည်း လေးစားတယ်။ တရုတ်တွေကိုတော့ ဘ၀တူချင်း အိမ်နီးချင်းမို့ ပိုပြီးတော့တောင် မေတ္တာရှိသေးတယ်....””
““အဲဒီလို ကျွန်တော်တို့ ချစ်ကြည်ညိုတဲ့ လူမျိုးနှစ်မျိုးဟာ တစ်ယောက်နဲ့ တစ်ယောက် ၀ါးစားမတတ် ရန်ထောင်နေတာ ကို မလိုချင်ဘူး၊ ကျွန်တော်တို့ဟာ နှစ်ဦးစလုံးရဲ့ မိတ်ဆွေအဖြစ် နဲ့ သင့်မြတ်တာကို လိုချင်တယ်။ အဲဒီတော့ အမေရိကန်ပြည် ထောင်စုနဲ့ တရုတ်ပြည်သူ့သမ္မတနှစ်နိုင်ငံဟာ အမြန်ဆုံးနား လည်မှုရရှိအောင် ကျွန်တော် တတ်စွမ်းသ၍ အင်အားရှိသ၍ အစွမ်းကုန်ကြိုးစားပါ့မယ်ဆိုတာကိုလည်း အခုလို အခွင့်ကောင်း ရတဲ့အခါမှာ ကျွန်တော့်မိတ်ဆွေဝန်ကြီးချုပ် ချောင်အား ကျွန် တော်ကတိပေးပါတယ်....””
မေတ္တာလှိုင်းသံတို့ဖြင့် ပြည့်၍နေသော ၀န်ကြီးချုပ်အသံ သည် ညစာစားနေသော ခန်းမကြီးကို ဖုံးလွှမ်း၍ သွားသည်။ တရုတ်အမျိုးသားများ၏ မျက်နှာများသည် တစ်စုံတစ်ခု ထူးခြား နေသလိုဖြစ်နေလေသည်။
ခင်နှင်းယု
၁၉၉၅ ခုနှစ်၊ ဇွန်-ဇူလိုင်(မြ၀တီ)